All posts by nyuntshwe

A Myanmar, Buddhist, pacifist, and pragmatic person who believe that we are what we think. That leads him positive thinking and he sees the world a beautiful place, but he still likes to keep trying for a better and more beautiful world.

စုလဲပဲ ဟာသကြိုက်ပါတယ်

ဘာမကြိုက်စရာရှိလဲ၊ ရယ်ရတာပဲ ကြိုက်တာပေါ့။ တစ်ခါတစ်ခါဆို သူကိုယ်တိုင်ကို ဟာသလုပ်တတ်တယ်။ ဒါကို အတည်ပြောစကားလို့ ယူတဲ့သူတွေအဖို့တော့ ရံဖန်ရံခါ ဂွကျတာပေါ့။ စုအပြစ်မဟုတ်ပါဘူး။ သူတို့ဟာသူတို့ ချင့်မယုံတာက တရားခံပါ။ အတော်လေး နားလည်မှုလွဲတဲ့ စုရဲ့ပြက်လုံး ၂ ခုက ဟောဒီလိုပါ။

ဆွီဒင်နိုင်ငံ ဒါဗို့စ်မြို့ ကမ္ဘာ့စီးပွားရေးညီလာခံမှာ စုပို့ခဲ့တဲ့ ဗီဒီယိုမိန့်ခွန်းမှာ စုက ကျမရဲ့ တိုင်းပြည်က ပြည်သူတွေ ဆင်းရဲမွဲတေပြီး အတိဒုက္ခရောက်နေတဲ့အတွက် စီးပွားရေးလုပ်ငန်းရှင်တွေ ကျမတို့နိုင်ငံကို လာရောက် ရင်းနှီးမြှုပ်နှံကြပါ၊ သဘာဝ ပတ်ဝန်းကျင်ကို မထိခိုက်အောင်တော့ သတိထားပါ၊ ဘာညာပေါ့။ ဒါကို ဟာသလို့ အဲဒီကမ္ဘာ့ထိပ်သီးတွေနဲ့ လုပ်ငန်းရှင်တွေက မသိကြဘူး၊ ကျွတ် ကျွတ် ကျွတ်။
ခမြာများ အဟုတ်မှတ်သွားပြီး၊ မြန်မာပြည်ကိုသွားဖို့ ခြေအိပ်စွပ်၊ ဖိနပ်ကြိုးစည်းနေတုန်း၊ တစ်ခါထပ်ပြီး စုအသံကြားလို့ နားစွင့်လိုက်တော့၊ “အနောက်နိုင်ငံများက အစိုးရလူကြီးမင်းများရှင့်၊ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ အရေးယူထားတာတွေကို မလျှော့လိုက်ပါနဲ့၊ ဒီအတိုင်း ဆက်ထိန်းပေးထားကြပါရှင့်” လို့ အားနွဲ့နွဲ့ ပန်ကြားသံ ကြားရပြန်ပါရော။ ဒါဖြင့်လဲ လေကုန်ခံ အလုပ်ရှုပ်ခံပြီး ဒါဗို့စ်အထိ ဘာလိုက်ရှုပ်ရတာလဲလို့ ကျွဲမြီးတိုသူတွေက တိုကုန်ကြပါတော့တယ်။ ကျနော်ကတော့ စိတ်ထဲမှာ၊ အော် ဒေါ်စုတို့ ပြည်ပကို အားမကိုးရှာဘူး လို့သာ ။

စုအနေနဲ့ကတော့ ဒါဗို့စ်ကမင်ဘာ ပူဇာစပူဇနေရာနံ အနောက်နိုင်ငံတွေက ဟာသကို ဟာသမှန်း မရိပ်မိပဲ ပိတ်ဆို့မှုတွေကို လျှော့ချဖို့ ဒါမှမဟုတ် ဖျက်သိမ်းဖို့ လုပ်မှာစိုးလို့ ထပ်ပြောရတာနေမှာပါ။ သူတို့နဲ့ သူတို့နိုင်ငံက စီးပွားရေးသမားတွေကလဲ စုတို့နိုင်ငံမှာ ၀င်ရောက်မြှုပ်နှံချင်တာမှ ဖင်တကြွကြွနဲ့လေ။ တရုပ်တွေကို ကျော်အောင်တွယ်မယ်ပေါ့။ ကဲ၊ ဒီလို ဒဲ့ဒိုး ပြောလိုက်တော့မှပဲ စုရဲ့ ဒါဗို့စ် ပန်ကြားချက်ဟာ ဟာသမှန်း သိကြတာ။

မောင်ညွန့်က အမေရိကန်ပိတ်ဆို့မှုကို သိပ်ပြီး ထဲထဲဝင်ဝင် သိတာတော့ မဟုတ်ပါဘူး၊ အကြမ်းဖျင်းလောက်ပဲ သိတာပါ။ ဒါက ဘဏ်လုပ်ငန်းဆိုင်ရာမှာ ပိတ်ဆို့မှုကို ဖွင့်မပေးရင် အမေရိကန်ဘဏ်တွေနဲ့ ဆက်စပ်မှု တစ်စုံတစ်ရာရှိနေတဲ့ အနောက်က ဘယ်စီးပွားရေးလုပ်ငန်းမဆို မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံလို့ မရဘူးဆိုတာလောက်ပါ။

မောင်ညွန့်ကိုယ်တွေ့ကတော့ ဒီလိုပါ။ မောင်ညွန့်က ၂၀၀၀ခုနှစ် မတိုင်ခင်က အမေရိကန်က မဂ္ဂဇင်း သုံးလေးမျိုးကို သုံးနှစ်လောက် မှာယူဖတ်ရှုခဲ့ပါတယ်။ ဈေးက ဘယ်လောက် သက်သာသလဲဆိုရင် တိုကျိုမှာ တစ်စောင်ခွဲ နှစ်စောင်ဖိုးနဲ့ ကုန်မဲ့ ငွေနဲ့ တစ်နှစ်စာ ၁၂ စောင်၊ ၆ စောင်၊ ၄ စောင်စသဖြင့် ဖတ်နိုင်ခဲ့ပါတယ်။ ဟော ခုတစ်ခါ တစ်ကိုယ်ရေသုံး ကင်မရာ အထောက်အကူပြုပစ္စည်းတချို့ကို ဘဏ်ကနေ ငွေလွှဲပြီး မှာပါတယ်။ ပုံစံတွေ အကုန်ဖြည့်ပြီးကာမှ မြန်မာနိုင်ငံအပေါ် အမေရိကန်က စီးပွားရေး ပိတ်ဆို့ထားတဲ့အတွက် ဒီက ငွေပို့တာ ပို့ပေးနိုင်ပေမဲ့ အမေရိကန်ဖက်က ဘဏ်က အဲဒီငွေကို ထိန်းချုပ်ထားမလား၊ မထားဘူးလား သူတို့အာမမခံနိုင်ပါဘူးလို့ ဘဏ် ၂ဘဏ်က အရာရှိတွေက ယဉ်ကျေးစွာပြောကြပါတယ်။ ပစ္စည်းဖိုးက ဒေါ်လာ ၉၀၀ ဝန်းကျင်၊ လွှဲခက ဒေါ်လာနဲ့ပြောရရင် ၉၀ ကျော်ကျမဲ့အပြင် မသေချာတဲ့ကိစ္စဆိုတော့ ဘယ်မှာ ဆက်လုပ်ရဲတော့မှာလဲဗျာ။ နောက်ဆုတ်ခဲ့ရတာပေါ့။ အဲဒါသာကြည့်ပါ။

နောက်ဟာသတစ်ပုဒ်ကတော့ မနေ့ည (၁၈ မတ်လ) ဗွီအိုအေ အသံလွှင့်ဌာနက လွှင့်သွားတဲ့ ဒီချုပ်နဲ့ ပြည်နယ်တိုင်း နောက်ဆုံးတွေ့ဆုံပွဲ ကချင်ပြည်နယ်အလှည့်မှာ ဒေါ်စုခြွေတဲ့ မိန့်မှာချက်ပါ။ ဘာတဲ့၊ တစ်ယောက်နဲ့တစ်ယောက် ပြဿနာဖြစ်လာရင် ဘယ်ဘက်က ပိုလျှော့နိုင်သလဲ၊ အလျှော့ပြိုင်ရမယ်၊ လျှော့နိုင်လေ ကောင်းလေဆိုတဲ့ သဘောကို ပြောသွားပါတယ်။ မစဉ်းမစား ဖြစ်သင့်တဲ့အတိုင်း ပြောချလိုက်တာပါ။

ဒီသြ၀ါဒကို ကိုယ်တိုင်ကော လိုက်လျောနိုင်ပါသလား။ ဝေးပါသေးရဲ့။ အဲလိုများ ပြောသလို လုပ်တတ်ခဲ့ရင် အမေရိကန်စီးပွားရေးပိတ်ဆို့မှု ပျက်ပြယ်တာ အနည်းဆုံး တစ်နှစ်နီးပါး ရှိရော့မယ်။ အဲ ပိတ်ဆို့မှုကြီးကို လုံးဝဖယ်မပေးချင်ရင်လဲ စစ်အစိုးရကိုသာ တိုက်ရိုက်ထိခိုက်တဲ့ ကန့်သတ်ပိတ်ဆို့မှုပဲထားပေးတာမျိုး ဖြစ်နေသင့်ပြီ။ ဒါဆိုရင် ဒါဗို့စ်တို့ ကချင်ပြည်နယ်ကိုယ်စားလှယ်တွေတို့ကို မှာတာတွေဟာ ဟာသမဖြစ်တော့ဘူး။ ခုတော့ ကိုယ်တိုင်မကျင့်သုံးနိုင်တာတွေကို လွှတ်ခနဲပြော၊ ပြီးတော့ ဖုတ်ပူမီးတိုက် ပြန်ပိတ်ဆိုတာမျိုး ဖြစ်နေတယ်။ ဒီတော့၊ ဟာသတွေ ဖြစ်ကုန်တော့တာပေါ့။

ဒေါ်စုအနေနဲ့ တကယ်ပဲ အမျိုးသား ရင်ကြားစေ့ရေး၊ တိုင်းပြည် ပြန်လည်ဦးမော့လာရေးနဲ့ ဒီမိုကရေစီရေးကို ဖြစ်အောင်လုပ်ချင်တယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကို ပြန်ပြီးပြင်ဆင် တည့်မတ်ရပါလိမ့်မယ်။ ဒေါ်စု ဘာပြောပြော လက်ဖဝါးကွဲအောင် လက်ခုပ်တီးတဲ့ နောက်လိုက်တွေ၊ အဝေးဖား အနီးဖား ကပ်ဖားရပ်ဖား စွပ်ဖားတွေရဲ့ ဝေလေလေ ထောက်ခံမှုနဲ့တော့ ဘယ်တော့မှ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုတဲ့ ပြည်သစ်အုတ်မြစ်ကို မတည်ဆောက်နိုင်ပါဘူး၊ အုတ်မြစ်ခိုင်ခိုင် မတည်ဆောက်နိုင်မှတော့ အပေါ်က အဆောက်အဦတွေအတွက် ဘယ်မှာဖြစ်နိုင်ပါတော့မလဲဆိုတာ ဗေဒင်မေးစရာမလိုကြောင်းပါခင်ဗျား။

(အထူးမှတ်ချက်။ ။ မောင်ညွန့်အနေနဲ့ ဒေါ်စုရဲ့စွန့်လွှတ်မှု၊ ရက်ရောမှုကို အမြဲတမ်း အသိအမှတ်ပြု ချီးကြူးပါတယ်။ ဒါပေမဲ့၊ ဘယ်ခေါင်းဆောင်မဆို အမှားတွေ လုပ်တတ်တယ်၊ လုပ်ခဲ့ရင် ဝေဖန်သင့်တာတွေ ဝေဖန်ပါမှ ပြည့်ဝတဲ့ ဒီမိုကရေစီ စနစ်ဆီ သွားနိုင်မယ်။ မဟုတ်ရင် ဘယ်ခေါင်းဆောင်မဆို ငါတကောကောရမှ ကျေနပ်တဲ့ သဘော ရောက်သွားတာပဲ။ မှန်လှပါဘုရားတွေ များလာရင်၊ ဒီကနေ အာဏာရှင်ဖြစ်ကုန်တာပဲ။ ဒါ့ကြောင့် မောင်ညွန့်က အချက်အလက်နဲ့ ဝေဖန်တယ်၊ ဒေါ်စုထိရင် နာချင်ယောင်ဆောင်တဲ့သူတွေ အနေနဲ့ အချက်အလက်နဲ့ ပြန်လည်ချေပဖို့ ဖိတ်ခေါ်လိုက်တယ်၊ ဒါပါပဲ။ ဒီဝေဖန်ချက်ကို ဒေါ်စုဆီရောက်အောင် ပို့ပေးနိုင်သူတွေက ပို့ပေးကြပါ။ ကျေးဇူးအထူးတင်ပါတယ်။)

မောင်ညွန့်(မင်းကျောင်းတိုက်)

Advertisements

ရွေးကောက်ပွဲအလွန် မြန်မာ့နိုင်ငံရေး (၄)

“နောက်ဆုံးတော့လဲ ယောက်မမြင်းစီးထွက်တော့တာပါပဲ”

မောင်ညွန့် (မင်းကျောင်း)

မောင်ညွန့် ၂၀၀၈ ခုနှစ် အစောပိုင်း ဘီဘီစီလေလှိုင်း မြန်မာ့အရေး ကမ္ဘာ့အရေး ကဏ္ဍကနေ တစ်ဖက်က ယခင် ဒီချုပ် ဗဟိုကော်မီတီဝင် အခု လွှတ်တော်အမတ် ဦးသိန်းညွန့်၊ ကျောင်းသားခေါင်းဆောင် ကိုကိုကြီး၊ သြစီ မြန်မာ့ရေးရာရုံးတာဝန်ခံ ဒေါက်တာမြင့်ချိုတို့နဲ့ သုံးယောက် တစ်ယောက် စီးခြင်းထိုးပြီး အမုန်းခံပြောခဲ့တဲ့ အမှန်တရားတွေဟာ တဖြည်းဖြည်းနဲ့ ရုပ်လုံးပေါ်လာပါပြီ။ ဘာတွေ ဘယ်လို ပေါ်လာနေပြီလဲဆိုတာ ပြောပါရစေ။

အဲဒီစကားစစ်ထိုးပွဲမှာ မောင်ညွန့်က ကန့်ကွက်လဲပဲ အတည်ဖြစ်မဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို မကန့်ကွက်ပဲ ဒီချုပ်အနေနဲ့ အခုကတည်းက ၂၀၁၀ ရွေးကောက်ပွဲမှာ အများစုအနိုင်ရအောင် လုပ်သင့်တယ် လို့ အကြံပြုတော့၊ ဦးသိန်းညွန့်က ပြည်သူနဲ့ ကျနော့်ကို လှည့်တိုက်ပြီး ကန့်ကိုကန့်ကွက်ရမယ်လို့ ပြောခဲ့တယ်။ ဟော၊ အခု အဲဒီဦးသိန်းညွန့်ဟာ သူ့ရဲ့ဆန္ဒစွဲ အမှားကို ပြင်ရဲတဲ့အတွက် အခု အမတ်ဖြစ်ခဲ့ပြီ၊ လွှတ်တော်ထဲမှာ အောင်တာ မအောင်တာ ထား၊ ပြည်သူလူထုအတွက် တရားဝင် စကားပြောခွင့်ရသွားပြီ။ ဒါတင်မက သူက ဦးဝင်းတင်ရဲ့ မှားယွင်းတဲ့ ခေါင်းဆောင်မှုကြောင့် ဒီချုပ် ပျက်ခဲ့ရရုံမက ဒီချုပ်နဲ့ စုဝင်း (ဒေါ်စု၊ ဦးဝင်းတင်) တို့ရဲ့ ရန်ငါမျဉ်းပြတ် ရပ်တည်ချက်နဲ့ ကိုယ်တိုင်လဲ မ၀င်၊ ပြည်သူကိုလဲ မဲမပေးအောင် အင်တိုက်အားတိုက် (ပြည်ပလေလှိုင်းများနဲ့ ချိတ်ဆက်ပြီး) လှုံ့ဆော်ခဲ့တဲ့အတွက် ဒီမိုကရေစီအင်အားစုတွေ အများကြီးနစ်နာပြီး လွှတ်တော်ထဲမှာ ချည့်နဲ့တဲ့ အတိုက်အခံဘ၀ ရောက်သွားတယ်လို့လဲ မှန်မှန်ကန်ကန် သုံးသပ်သွားပါတယ်။ မောင်ညွန့်ကတော့ ဦးသိန်းညွန့် အမြင်မှန်ရသွားတာ ၀မ်းသာတယ်။

မောင်ညွန့်က စီးပွားရေးပိတ်ဆို့မှုကြီးကို အစဉ်တစိုက် ဆန့်ကျင်လာတာ လူတိုင်းလောက် သိပါတယ်။ ဒေါ်စုက အမြဲထောက်ခံ တောင်းဆိုလာတယ်ဆိုတာကိုလဲ လူတိုင်းသိပါတယ်။ ပြီးတော့ ဒေါ်စုနဲ့ နောက်လိုက်တွေက တိုင်းပြည်ကို ကမ္ဘာလှည့်ခရီးသည်တွေ မလာရေး၊ ရင်းနှီးမြှုပ်နှံသူတွေ မလာရေး၊ လုပ်နေတဲ့သူတွေ ထွက်သွားရေးကို တောက်လျှောက် ဆော်သြခဲ့တာကိုလဲ အားလုံးသိပါတယ်။

ဟော၊ အခု ဒါဗို့စ် ကမ္ဘာ့စီးပွားရေးညီလာခံကြီးကို ဒေါ်စုက အသံလွှင့်မိန့်ခွန်းပို့ပြီး ရင်းနှီးမြှုပ်နှံမဲ့သူတွေ လာကြပါ၊ ကျမတို့နိုင်ငံကို ကူညီကြပါ၊ ဒါတွေ ဒါတွေတော့ သတိထားပါဆိုပြီး လုပ်လာပြီ။

ကဲ၊ အဲလိုတောင်းဆိုတာဟာ ချီးကျူးကြိုဆိုထိုက်ပေမဲ့၊ ဘာဖြစ်လို့ တောင်းဆိုရတာလဲ။ အရင်က အကြောင်းပြခဲ့တဲ့ အချက်တွေ အခုမှားမှန်းသိသွားလို့လား။ ဒါမှမဟုတ် စစ်အစိုရကပဲ ပြည်သူတွေ သက်သာချောင်ချိရေးနဲ့ လူ့အခွင့်အရေးတွေ ခံစားရအောင် လုပ်လာလို့လား။ ပြည်သူလူထုရဲ့ဘ၀က အရင် အခြေအနေထက် ဆိုးလာတာသာ မြင်ရလျက်နဲ့ ဘာအတွက် အခု ရင်းနှီးမြှုပ်နှံကြပါလို့ ခေါ်ရတာပါလဲ။

ဒီကိစ္စနဲ့ ပတ်သက်လို့ မောင်ညွန့်ကတော့ ရှင်းရှင်းလေးပဲ တွေးပါတယ်။ ဒေါ်စု နားလည်သွားပြီ၊ နဂိုက ပိတ်ဆို့မှုတွေ တောင်းဆိုခဲ့တာ မှားတယ်လို့ မြင်တဲ့အတွက် နိုင်ငံရေးပရိယာယ် စပြောင်းပြီလို့ပဲ မြင်ပါတယ်။ ဒေါ်စုအနေနဲ့ စီးပွားရေး ပညာရှင်တွေ၊ နိုင်ငံရေးသိပ္ဗံပညာရှင်တွေရဲ့ သုတေသနစာတန်းတွေ လက်လှမ်းမီသွားလေ ဒီအပြောင်းအလဲက အရှိန်အဟုန်ကြီးလေလို့ ယုံပါတယ်။

တောင်မရောက် မြောက်မရောက်တွေကသာ ပညာရှင်တွေကို အလကားလူတွေ လက်တွေ့နဲ့ကင်းလွတ်ပြီး စာအုပ်ကြီးအတိုင်း လျှောက်ပြော နေသူတွေလို့ ထင်ကြပေမဲ့၊ ဒေါ်စုကိုယ်တိုင်က ပညာတတ် (ဘွဲ့ရတိုင်း ပညာတတ်မဟုတ်) ဖြစ်တဲ့အတွက် ပညာရှင်တွေ အများစုဟာ လေးစားလောက်တယ်၊ အားထားလောက်တယ်ဆိုတာ သိသူဖြစ်တယ်။ ဒီတော့၊ အနှစ် ၂၀ လုံးလုံး ကန့်ကွက် ဆန့်ကျင်လာတဲ့ ကိစ္စကို အခု ဒေါ်စု စပြင်ပြီ။ အဲလို ကန့်ကွက်ခဲ့လို့ စစ်အစိုးရနဲ့လဲ ပိုဝေးခဲ့ရုံမဟုတ်၊ တနွယ်ငင် တံဇင်ပါတွေပါ ပိုပြီး အနှိပ်အကွပ် ခံရတာ၊ ပြည်သူတွေ ပိုပြီးဒုက္ခကြီးလာတာ မမြင်ချင်လို့ မရတော့ဘူး၊ အောင့်သက်သက်နဲ့ပဲဖြစ်ဖြစ် လျှော့လိုက်ရပြီလို့ တွက်လိုက်မိပါတယ်။

လွန်ခဲ့တဲ့ အနှစ် ၂၀ အတွင်းမှာ ထွက်သွားရတဲ့ လုပ်ငန်းကြီးတွေ မနည်းပါဘူး၊ အကျိုးဆက်အနေနဲ့ လူသိန်းဂဏန်း အလုပ်ပြုတ်တယ်၊ ဘ၀ပျက်တယ်၊ ဇယ်ဆက်သလို အကျိုးဆက်အနေနဲ့ ပညာမသင်နိုင်တဲ့ ခလေးတွေများလာတယ်၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးသွားတယ်၊ စီးပွားရေးတိုးတက်မှုနဲ့ ကပ်ပါလာတဲ့ နိုင်ငံရေးပြောင်းလဲမှု အခွင့်အလန်းတွေ မပေါ်ပေါက်ဘူး၊ နည်းပညာ ဆင့်လွှဲပေးမှု မပေါ်ပေါက်တော့ဘူး၊ စသဖြင့် ဆုတ်ယုတ်မှုတွေ တသီတတန်း ဖြစ်ပေါ်ခဲ့တယ်။ ဒါတွေဟာ ဒီချုပ်နဲ့စုဝင်းတို့ရဲ့ ခေါင်းမာမှု၊ အမြင်ကျဉ်းမြောင်းမှုရဲ့ ရလဒ် တစ်စိပ်တစ်ပိုင်းဖြစ်တယ်။ နိုင်ငံရေးသမား ဦးသိန်းညွန့်ကတော့ ယဉ်ကျေးစွာနဲ့ ဦးဝင်းတင်ရဲ့ မဟာဗျူဟာအမှားကြောင့်လို့ ဆိုပါတယ်။ မောင်ညွန့်ကတော့ ဗိုလ်ချုပ်တစ်ခါက ပြောခဲ့ဖူးသလို ဒဲ့ဒိုးနဲ့ ခပ်စပ်စပ်ပဲ ပြောလိုက်ပါတယ်။ လောဘရမက် ငန်းငန်းတက်တဲ့အတွက် အမြင်ကျဉ်းမြောင်းပြီးဖြစ်တဲ့ စစ်အစိုးရနဲ့ စု-ဝင်းအုပ်စု တန်းတူတာဝန်ရှိတယ်လို့ပဲ မောင်ညွန့် ယူဆတယ်။

(အထက်က အပိုဒ်တွေကို ဇန္န၀ါရီလ ၃၁ ရက်နေ့မှာ ရေးခဲ့ပါတယ်၊ နည်းနည်း ပြင်ပြီး ရေးဖို့ လိုလာတဲ့အတွက် ဒီမှတ်ချက်ကို ထည့်လိုက်တာပါ။)

ဒီနေ့ ဖေဖေါ်ဝါရီလ ၇ ရက်နေ့ ပြည်ပရေဒီယိုတွေ၊ အင်တာနက်နဲ့ ဧရာဝတီဝက်ဘ်ဆိုက် သတင်းများအရ ဒေါ်အောင်ဆန်းစုကြည်က အနောက်နိုင်ငံတွေကို ဆက်လက်ပိတ်ဆို့ဖို့ ဆော်သြောလိုက်တယ်၊ မနက်ဖြန်မှာ ဒီချုပ်က တရားဝင် စာတန်း ထုတ်မယ်တဲ့။ ဒါဆို ဒါဗို့စ်မှာ ရင်းနှီးမြှုပ်နှံမဲ့သူတွေ လာကြပါ၊ ကယ်ကြပါ၊ ကူကြပါ ဆိုတာ ဘာအဓိပ္ဗါယ် ရှိပါသေးလဲ။

ခန့်မှန်းရတာကတော့ တင်းမာရေးလမ်းစဉ်သမားကြီး ဦးဝင်းတင် အပေါ်စီးရသွားပြီထင်ပါရဲ့။ ဒီချုပ်က ကျန်လူကြီးတွေကလဲ သူ့ကို မလွန်ဆန်နိုင်ပါဘူး။ မောင်ညွန့်က ဒေါ်စုအပါအ၀င် ဒီချုပ်ဟာ “အင်အားတောင့်တင်းရုံမက လုံလောက်တဲ့ စည်းလုံးမှုလဲရှိ၊ ဓနအင်အားလဲရှိပြီး အာဏာနဲ့ပတ်သက်လာရင် အပြတ် နှိမ်နင်းဖို့ သန္နိဋ္ဌာန်ချထားတဲ့ အာဏာရှင် (အိုဒေါနဲလ်နဲ့ ရှမစ်တာ ၁၉၈၆) ” ကို ခုလိုပုံနဲ့ အန်တုလို့မရဘူးဆိုတာ အခုထက်ထိ မသိရှာသေးဘူးလို့ပဲ ပြောချင်ပါတယ်။ ဒါ့ကြောင့်လဲ ၀က်ခေါင်းထိုးဆန့်ကျင်တာတွေသာ လုပ်မဆုံးဖြစ်နေတော့တာပဲလို့ မှတ်ချက်ပြုရတာပါ။

အခု ဒေါ်စုအနေနဲ့ ကိုယ့်ရှူးကိုယ်ပတ်တာကို သတိထားမိလိုက်ပါရဲ့လားလို့ မေးပါရစေ။ စီးပွားရေးပိတ်ဆို့မှုထဲမှာ ပါနေတဲ့ ဘဏ်လုပ်ငန်းကိစ္စ ဘယ်လိုလုပ်မှာလဲ။ အမေရိကန်က ဘယ်စီးပွားရေးသမားမဆို လုပ်ငန်းမဆို ဒေါ်လာအခြေခံတဲ့ ငွေကြေးဆက်ဆံမှု အကုန်ပိတ်ဆို့ထားလျက်နဲ့ အသစ်လာပြီး မြှုပ်နှံမဲ့လုပ်ငန်းရှင်တွေက ဘယ်လိုလုပ်ပြီး စီးပွားရေး လုပ်ကြရမှာလဲ၊ နောက် အမေရိကန်ဘဏ်တွေနဲ့ ဆက်ဆံနေတဲ့ ဘယ်လုပ်ငန်းမဆို မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံရင် အမေရိကန် ၂၀၀၇ ပိတ်ဆို့မှုဥပဒေနဲ့ ငြိတဲ့အတွက် ဒါကိုကော ဘယ်လို လုပ်ဖို့ ဒေါ်စု စဉ်းစားထားတယ်ဆိုတာ ရှင်းဖို့လိုပါတယ်။ အဲ၊ ခုတလောလေးတင် ရေဒီယိုကနေကြားလိုက်ရတာ၊ အနောက်က စီးပွားရေးအသိုင်းအ၀ိုင်းက ဒေါ်စုရဲ့ ဒါဗို့စ် မိန့်ခွန်းကြောင့် အတော်ပဲ အားတက် ၀မ်းမြောက်ကြတယ်၊ အချို့က မယုံနိုင်အောင်တောင် ဆိုပဲ။ ဟော အခု ပြောထားတဲ့ စကားတွေ လေဟုန်စီးပြီး ကမ္ဘာအနှံ့တောင် ရောက်မယ်မကြံသေးဘူး၊ အဆုံးမတော့ ယောက်မမြင်းစီးထွက်တာ မြင်ကြရတော့တာပါပဲ။ တချို့ကတော့ ဒါဟာ ဦးဝင်းတင်လို ၀က်ခေါင်းထိုး တင်းမာတဲ့ခေါင်းဆောင်ကြောင့် ဒေါ်စုက လျှော့လိုက်ရတာများလားလို့ စောဒကတက်ကြပါတယ်။ စုဝင်း ခေါင်းဆောင်မှုနောက်မှာ ညပ်ပါနေတဲ့ ဦးတင်ဦးက လက်တွေ့မှာ ထပြီး ကြေငြာရသူလို့ ကျနော်က မြင်တယ်။

ဒီဆောင်းပါးရေးနေခိုက် တိုက်တိုက်ဆိုင်ဆိုင် တက္ကသိုလ်တစ်ခုမှာ မြန်မာစစ်အစိုးရနဲ့ ပတ်သက်တဲ့ ပါရဂူကျမ်း ခုခံပွဲတစ်ခု တင်တာ သွား နားထောင်ခွင့် ရခဲ့ပါတယ်။ ပါရဂူဘွဲ့ ကျမ်း တင်သွင်း ခုခံသူဟာ ယခင်က စစ်အာဏာရှင် ကြီးစိုးခဲ့တဲ့ နိုင်ငံတစ်ခုကပါ။ သူဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ဆက်စပ်ပြီး တော်တော် လေ့လာထားသူဖြစ်တော့ကာ မြန်မာစစ်အစိုးရကို ကနဦးက တူးတူးခါးခါး မုန်းတဲ့၊ မကြိုက်တဲ့သူတဲ့။ ဒါပေမဲ့ ငါးနှစ်တာ ကျမ်းအတွက် လေ့လာရင်း နောက်ဆုံးမှာတော့ မြန်မာစစ်အစိုးရဟာ တော်တဲ့နေရာလဲ တော်တယ်၊ မိုက်မဲတဲ့နေရာလဲ မိုက်မဲတယ်။ ကျနော်သာ သူတို့နေရာမှာ ၀င်ကရမယ်ဆိုရင်လဲ အခု သူတို့လုပ်သလို ဖြစ်မှာပဲတဲ့။ နဂိုက တစ်လျှောက်လုံး စုမှစုဆိုတဲ့သူဟာ အခု အဲဒီအစွဲ ပြုတ်သွားပြီ၊ သူ သိပ်ကျေနပ်တယ်တဲ့။ ဒီကျောင်းသားဟာ ဘွဲ့ရပြီး သူ့နိုင်ငံသူ ပြန်သွား၊ ဟိုက တက္ကသိုလ်တခုမှာ အလုပ်လုပ်နေပါတယ်၊ ဘာအခွင့်အရေးသမားမှ မဟုတ်ပါဘူး။ သူ့ကိုယ်ပိုင် ရပ်တည်ချက်ပါ။

မောင်ညွန့်ရဲ့ကိုယ်တွေ့နဲ့ယှဉ်ပြီးပြောရရင် ပညာရှင်တွေဟာ တစ်ဖက်ဖက်ကနေ ၀င်ရပ်ပြီး လေ့လာရင် ဘက်လိုက်မှုတွေနဲ့ ရှောင်လို့မရဘူး။ ကြားလူတစ်ယောက်အနေနဲ့ လေ့လာရင် နှစ်ဖက်စလုံးက ကောင်းကျိုးဆိုးပြစ်တွေကို တွေ့ရတယ်၊ ပြဿနာရဲ့ အဖြေကိုလဲ တွေ့ဖို့ လွယ်ကူတယ်၊ နီးစပ်တယ် ဆိုတာပါပဲ။ အထက်ကပြောတဲ့ ပါရဂူကျမ်း တင်သူက သူ့အနေနဲ့ မြန်မာ့အရေးကျွမ်းကျင်သူလဲ မဖြစ်ချင်ဘူး။ တစ်ကျောင်းကျောင်းမှာ မြန်မာနိုင်ငံရေးကို သင်ကြားဖို့လဲ လုံးဝ စိတ်မကူးဘူးတဲ့။ တိုင်းပြည်ဟာ ဒိထက် ပိုကောင်းဖို့ကောင်းပေမဲ့ လက်ရှိအခြေအနေဟာ ပြည်သူတွေအတွက် စိတ်ဆင်းရဲစရာကောင်းလှတယ်၊ ဒါ့ကြောင့် သူ့လေ့လာမှုကို ဒီမှာတင် တစ်ခန်းရပ်ဖို့ ပြင်ထားပါတယ်လို့လဲ ပြောသွားတယ်။

ဒီနေ့ ဒီချုပ်ခေါင်းဆောင် ဦးဥာဏ်ဝင်းပြောတာကိုပဲကြည့်ရင် ဒီပုဂ္ဂိုလ်တွေဟာ အစိုးရတစ်ရပ်၊ အထူးသဖြင့် အာဏာရှင်အစိုးရတွေဟာ အသွင်ကူးပြောင်းကာလ အစိုးရထံကို ဘယ်လို အာဏာလွှဲတယ်ဆိုတာ မသိရှာဘူး။ သမ္မတ၊ ဘာညာရွေးပြီးတာတောင် နအဖ ရှိနေသေးတယ်လို့ လက်ညှိုးထိုးပြီး ဘာအပြောင်းအလဲမှ မမြင်ရဘူးလို့ ပြောသွားတယ်။ သမ္မတသာရွေးပြီးတာ၊ အစိုးရ မဖွဲ့ရသေးဘူး။ အပြစ်တင်ချင်လွန်းအားကြီးနေတော့ သတိလွတ်သွားပုံပေါက်ပါတယ်။ အနှစ် ၂၀ကျော် ကြီးစိုးလာတဲ့၊ ထင်ရာလုပ်လာတဲ့ အာဏာရှင် ဘယ်လိုလုပ်ပြီး နေ့ခြင်းညခြင်း ပျောက်သွားမှာလဲ။ အစိုးရဖွဲ့ပြီးတောင် အာဏာမလွှဲခင် အသစ်နဲ့ အဟောင်းအကြား သဘောတူညီချက်တွေ လုပ်ရသေးတယ်။ ဥပမာ စစ်တပ်ကို ဘယ်နှစ်ခုနှစ်ကနေ ဘယ်နှစ်ခုနှစ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ အမှုတွေနဲ့ ပတ်သက်ပြီး အရေးမယူရဘူး၊ လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့၊ အခု ရထားတဲ့ အဆောင်အယောင်တွေ ဒီအတိုင်းဆက်ထားဖို့ မထားဖို့ စသဖြင့် စသဖြင့် သဘောတူညီချက်တွေ လုပ်ကြပေလိမ့်ဦးမယ်။ မဟုတ်ရင် နောင်မှာ တရားစွဲတဲ့သူတွေပေါ်လာရင် ဥပဒေအရ မတားဆီးနိုင်ပဲ ဖြစ်မယ်၊ အဲဒီအခါမှာ စစ်တပ်က တစ်ချီအာဏာဖီဆန်တာ၊ အာဏာသိမ်းတာအထိ ပြန်ဖြစ်နိုင်ပါတယ်။

နောက် အရေးကြီးတဲ့အချက်တစ်ခုက လွှတ်တော်ထဲရောက်နေတဲ့ ဒီမိုကရေစီအင်အားစုဟာ အရာရာမှာ ရှေ့လောမကြီးဖို့ဖြစ်တယ်။ ကိုယ့်အနေအထားကို ကိုယ်နားလည်ဖို့ လိုပါတယ်။ လွှတ်တော်ထဲမှာ သူတို့ဖက်က တင်သမျှ အောင်မှာဖြစ်ပေမဲ့ ကိုယ့်ဖက်က တင်တာတွေဟာ သူတို့အလိုမရှိရင် ရှုံးမှာပါပဲ။ ရှုံးတဲ့အခါမှာ ဝေဖန်တဲ့အခါ နှုတ်မလွန်ဖို့၊ စိတ်လိုက်မာန်ပါ သပိတ်မှောက်တာတို့၊ နှုတ်ထွက်တာတို့ မလုပ်မိဖို့ လိုပါတယ်။ စိတ်ရှည်ပါ။ လွှတ်တော်စနစ်ပေါ်လာပေမဲ့ အနှစ် ၂၃ နှစ်လောက် ကျည်းပေါင်းတက်နေတဲ့ အာဏာရှင်စနစ်ဟာ ချက်ခြင်း မပြောင်းပါဘူး။

ဒီ/ချုပ်ရဲ့ ရွေးကောက်ပွဲ သပိတ်မှောက်မှုအမှားကြောင့် လွှတ်တော်ထဲမှာ ပြည်သူကို ကိုယ်စားပြုမဲ့သူတွေ အင်အားနည်း ချည့်နဲ့သွားရတာ သဘောပေါက်သူတွေ များလာနေပါပြီ။  အထက်ကပြောခဲ့တဲ့ ပါရဂူကျမ်းတင်တာ သွားနားထောင်ရင်း အဲဒီတက္ကသိုလ်မှာ မဟာဘွဲ့တက်နေတဲ့ မြန်မာအမျိုးသမီးတစ်ယောက်နဲ့ တွေ့တယ်၊ စကားပြောဖြစ်တယ်။ ခလေးမက လွှတ်တော်ထဲမှာ အတိုက်အခံက နည်းလွန်းတော့ ကိုမင်းကိုနိုင်တို့တတွေ မြန်မြန်လွတ်အောင်လုပ်နိုင်မယ်လို့ သူမမျှော်လင့်ရဲတော့ဘူးလို့ ပြောတယ်။ ဒါဟာ ဒီ/ချုပ် ရွေးကောက်ပွဲ သပိတ်မှောက်လို့ နိုင်ငံရေးအကျဉ်းသားတွေပါ နစ်နာရတဲ့အချက် ဆိုတာကို ဆက်စပ်ပြလိုက်တော့ သူ ချက်ခြင်း သဘောပေါက်သွားတယ်။ ဒီ/ချုပ်ဟာ မူလက ပါတီပျက်ပျက် မူမဖျက်ဘူးဆိုပြီး ၀က်ခေါင်းထိုး ထိုးခဲ့ပေမဲ့၊ ခုတော့ ပါတီတရားဝင်ရေးကို တိုက်ပွဲတစ်ခုလို သုံးပြီး ဆက်လက် ထိုးနှက်နေပါလိမ့်မယ်။ ဒါပေမဲ့ အောင်မြင်ဖို့ကတော့ လမ်းမမြင်ပါဘူး။

ဒီချုပ်ခေါင်းဆောင်မှုတစ်ဖွဲ့လုံး အနည်းဆုံး တောင်ကိုးရီးယားနဲ့ ချီလီတို့ ဘယ်လိုပြောင်းလဲခဲ့သလဲဆိုတာလောက်တော့ အသေအချာ လေ့လာဖို့ ကောင်းတယ်။ ရေဒီယိုထဲက အသံလွှင့်ဆောင်းပါးလေးလောက်၊ ဘီဘီစီ ၀ါးလ်ဒ်ဆားဗစ် တိုင်းမ်လိုင်း လောက်ကို ဖတ်ရုံနဲ့တော့ မရပေဘူး။ အခု ဒီ/ချုပ် အင်တာနက် လက်လှမ်းမီသွားတဲ့အတွက် နက်ပေါ်က ပညာရှင်ဂျာနယ်တွေကို ၀ယ်ဖတ်လို့ရသွားပြီ။ မဖြစ်မနေဖတ်သင့်တာတွေကို မောင်ညွန့် စာရင်းတို့ပေးလိုက်ပါတယ်။ ဖတ်နိုင်သူတွေကဖတ်ပြီး အဖွဲ့ဝင်တွေကို ပညာဖြန့်ဝေမယ်ဆိုရင် ခေါင်းမာသူတွေ အမြင်ကျဉ်းသူတွေ မလွှမ်းမိုးနိုင်တော့ပဲ မူလ ရည်ရွယ်ချက်ဖြစ်တဲ့ ပြည်သူကို အလုပ်အကျွေးပြုရေး၊ ဒီမိုကရေစီနိုင်ငံထူထောင်ရေး ဆိုတာတွေ အရှိန်အဟုန် မြန်ဆန်လာလိမ့်မယ်လို့ မှတ်ချက်ပြုလိုက်ကြောင်းပါခင်ဗျား။

ဒီ/ချုပ် ဖတ်သင့်တဲ့ စာအုပ်နဲ့ ဂျာနယ်များ။

1. Transitions from Authoritarian Rule: Tentative Conclusions about Uncertain Democracies by Guillermo O’Donnell and Philippe C. Schmitter

(Should buy all the ‘Transition’ study (4 volumes) series of Woodrow Wilson International Center for Scholars)

2. The Third Wave by Huntington, P. Samuel

3. Crises of the Republic by Hannah Arendt

Online Journals to subscribe

  1. JSTOR (the best professional research papers on almost every subject)
  2. Sage Journals
  3. Cambridge Journal
  4. Oxford Journal