Category Archives: Critiques

မိုင်တစ်ထောင် ခရီးရဲ့အစ ပထမခြေတစ်လှမ်း မောင်ညွန့် (မင်းကျောင်းတိုက်)

ပြည်တွင်းမှာတော့ တိုးတိုး၊ ပြည်ပမှာတော့ ကျယ်ကျယ်လောင်လောင် အော်နေတဲ့ အသံတွေကတော့ ရွေးကောက်ပွဲကို သပိတ်မှောက်၊ (တနည်းအားဖြင့် ပြောင်မပြောသော်လည်းပဲ) ကျွန်တော်များ စစ်အစိုးရလက်အောက်မှာပဲ ဆက်နေပါမယ် ဆိုတဲ့ လှုံ့ဆော်သံတွေ ဖြစ်တယ် ခင်ဗျ။ ပြည်သူတွေနဲ့အတူ ကျွန်တော်တို့ကတော့ စစ်အစိုးရလက်အောက်မှာ မနေချင်တော့ဘူးခင်ဗျ။ အနည်းဆုံး ပြည်သူလူထုဖက်က တရားဝင် ပြောနိုင် ခုခံနိုင်တဲ့ သူတွေ၊ တစ်ဆင့်ပြီးတစ်ဆင့် အခွင့်အရေးတွေကို တောင်းယူ တိုက်ယူပေးနိုင်မဲ့ သူတွေ ပါဝင်တဲ့ ကူးပြောင်းရေး အစိုးရလက်အောက်ကို မြန်မြန်ရောက်ချင်ပြီခင်ဗျ။ ပြီးခဲ့တဲ့လကလဲ “မိုးကျဒီမိုကရေစီ” အကြောင်း ရေးပြီး အာဏာရှင်နိုင်ငံတွေ ဘယ်လို စနစ်ပြောင်းကြတယ်ဆိုတာ အကိုးအကားနဲ့ တင်ပြခဲ့သလို၊ အခုလဲ ဘာကြောင့် မဲပေးသင့်သလဲဆိုတာကို အဓိက ရေးလိုက်တယ်ခင်ဗျ။

ကိုအောင်မိုးဝင်းရဲ့ ဆောင်းပါးတစ်ခုထဲမှာ ပီသုံးလုံး (သို့မဟုတ်) ကွန်မျူနစ်ပြန် အမာခံများရဲ့ ပါတီဥက္ကဋ္ဌကြီး ဦးခင်မောင်မြင့်ရဲ့သြ၀ါဒတစ်ခုကို ကိုးကားထားတာ ဖတ်လိုက်ရသဗျ။ အဲ၊ ဦးခင်မောင်မြင့်ရဲ့ ရဲရဲတောက် တရားပွဲကို ၁၉၈၈ သြဂုတ်လ (၂၉ )လောက်မှာခင်ဗျ၊ စက်မှုတက္ကသိုလ်ဝန်းထဲမှာ နားထောင်ဖူးတယ်။ ကြက်သီးထလောက်တဲ့ မိန့်ခွန်းလို့ပဲ ပြောနိုင်တော့တယ်၊ အသေးစိတ် သတိမရတော့ဘူးခင်ဗျ။ အခု သြ၀ါဒကိုလဲ ဘယ် မှတ်မိမလဲ။ ဒါ့ကြောင့် ကို အောင်မိုးဝင်းကို ကျေးဇူးတင်မိတာခင်ဗျ၊ တခုတ်တရ ကိုးကားထားလို့။
မီးဟုန်းဟုန်းတောက်နေတဲ့ ၈၈တုန်းကတော့၊ အဲဒီ သြ၀ါဒဟာ ကြက်သီးထစရာပဲဗျ။ ဘာမှတ်သလဲကွပေါ့။ လူတိုင်း အားရတဲ့ သြ၀ါဒပေါ့ဗျာ။ ဒါပေမဲ့ ဒီသြ၀ါဒနဲ့ပတ်သက်လို့ ၂၂ နှစ်တာ သမိုင်းက တကယ့်ကျား မဟုတ်ဘူးဆိုတဲ့ အဖြေကို ပေးလာတဲ့အတွက် ခုခေတ်နဲ့ကိုက်ညီတဲ့ သြ၀ါဒသစ်တစ်ခုကို တစ်စုံတစ်ဦးဦးက အသစ်ရေးဖို့၊ ဒါမှမဟုတ် လက်တည့်စမ်းဖို့ လိုတယ်လို့ သုံးသပ်မိတယ်ခင်ဗျ။

အဲ၊ မောင်ညွန့်လဲ အခုဆို အသက် ၆၅ ကျော်ခဲ့ပြီဆိုတော့ သြ၀ါဒ တစ်ခုလောက် စမ်း ရေးကြည့်ရင် ကောင်းမှာပဲလို့ ခပ်ထယ်ထယ် တွေးကြည့်မိတယ်။ ဟယ်၊ သြ၀ါဒဆိုတာ ပညာရှိတွေမှ ရေးရတာလို့ တွေးမိပြန်တော့ နည်းနည်းတော့ နောက်တွန့်သွားတာပေါ့ဗျာ။ ဒါပေမဲ့ ရေးလဲ ရေးကြည့်ချင်တော့ကာ၊ ဟာ နွားကျောင်းသားတွေ၊ ငမူးတွေတောင် ရေးနေတာပဲ ငါလဲ ရေးမယ် ဘာဖြစ်လဲပေါ့၊ ဆိုပြီး ဘာကို အတုယူပြီး ရေးရမလဲဆိုတာ စဉ်းစားတယ်ခင်ဗျ။ ကြာကြာမစဉ်းစားရပါဘူး၊ ဦးခင်မောင်မြင့်ရဲ့ သြ၀ါဒကိုပဲ နမူနာယူ ရေးဖို့ ဆုံးဖြတ်လိုက်တယ်ခင်ဗျ။

ကဲ၊ သြ၀ါဒအသစ် ဘယ်ပုံရေးတယ်ဆိုတာ နည်းနည်း ပြောပြချင်တယ်။ နောင်လာနောက်သားတွေ အတုယူနို်င်အောင်လို့။ အတုယူရေးတာဆိုတော့ မခက်ဘူးဗျ၊ ဒီလိုလေ၊ ၂၂ နှစ်တာကာလကို ဓမ္မဓိဋ္ဌာန်ကျကျ သုံးသပ်ပြီး ရေးချလိုက်ရင် တခဏနဲ့ ပြီးသွားနိုင်တာပဲ မဟုတ်ပါလား။ ကဲ၊ ကျနော့် သြ၀ါဒကိုလဲ ဖတ်ကြည့်ကြပါဦး။ ဗုဒ္ဓဘာသာ မြန်မာများပီပီ ဆဲတော့ မဆဲစေချင်ဘူးဗျ၊ ဆဲတယ်ဆိုတာ ရိုင်းစိုင်း ယုတ်ညံ့တဲ့အပြင်၊ ဆဲသူကိုယ်တိုင်ကို အများက မနှစ်မျို့ ရွံရှာစက်ဆုတ်တဲ့အပြင်၊ မိမဆုံးမ ဖမဆုံးမသားတို့၊ သားသမီးမကောင်း မိဖခေါင်းတို့၊ တပည့်မကောင်း ဆရာ့ခေါင်းတို့ ရိုက်ခတ်မှုတွေ များလို့၊ အဲသလို ကိုယ့်အပြုအမူကြောင့် ကျေးဇူးရှင်တွေကိုပါ ထိခိုက်တဲ့အတွက် မဆဲစေချင်တာပါ။ အကျိုးသင့် အကြောင်းသင့် ဝေဖန်တာမျိုးဆိုရင် ကြိုဆိုပါတယ်၊ အများလဲ အကျိုးရှိတာပေါ့။ ကဲဗျာ၊ ခြေဆင်းနဲ့ ပေရှည်သွားတာ တောင်းပန်ပါတယ်။ စမယ်ဗျာ၊
ကျနော် နမူနာယူတဲ့ သြ၀ါဒ၊ အဲဒါကို ပထမ ချရေးလိုက်တယ်။

“ဗိုလ်ချုပ်တွေကို သတိပေးချင်တယ်၊
ဒါ – တောင်ပြိုနေတာ၊ လက်ဖ၀ါးနဲ့ သွားမကာနဲ့။
လက်ဖ၀ါးနဲ့ သွားကာရင် ကျောက်တုံးပိပြီး ကျဆုံးရတတ်တယ်။”
ဦးခင်မောင်မြင့် (ပြည်သူ့တိုးတက်ရေးပါတီ)

ပြီးတော့မှ ကျနော် တုပပြီး ရေးတယ်၊ ရေးဟန်ကို တုပေမဲ့ အတွင်းသားကတော့ သမိုင်းသင်ခန်းစာကနေ ယူတယ်ခင်ဗျ။

“တစ်လမ်းသွား နိုင်ငံရေးသမားတွေကို သတိပေးချင်တယ်၊
ဗိုလ်ချုပ်တွေက တောင်ဖြိုချနေတယ်၊
ဒါ တောင်ဖြိုချနေတာ၊ လက်ဖ၀ါးနဲ့ သွားမကာနဲ့။
လက်ဖ၀ါးနဲ့ သွားကာရင် ကျောက်တုံးပိလို့ မှန်လို့ သေရင်သေ
မသေရင် ဒဏ်ရာဗလပွနဲ့ ဒုက္ခိတဖြစ်သွားလိမ့်မယ်။
ကူပြီး တောင်ဖြိုရင် လမ်းမြန်မြန်ပေါက်မယ်၊
လမ်းပေါက်မှ လိုရာရောက်မယ်”။
အာဂ မောင်ညွန့် (မင်းကျောင်းတိုက်)

အတိုက်အခံတွေဟာ စစ်တပ်နဲ့အတူ တောင်ဖြိုရင်း ရင်းနှီးမှုကို ရယူ၊ ပြီးတော့ ယုံကြည်မှုကို တည်ဆောက်နိုင်အောင် ကြိုးစားရမယ်ခင်ဗျ။ အင်အားလည်း မရှိပဲနဲ့ ပြည်ပက လေသံကို အားကိုးပြီး (အားမကိုးဘူးလို့ ပြောတဲ့အခါလဲ ပြောသဗျ) ၀က်ခေါင်းထိုးဆန့်ကျင်နေမဲ့အစား၊ အတူဝင်လုပ်ရင်း ကိုယ့်ရဲ့ အရည်အသွေး၊ ခွင့်လွှတ်နိုင်မှုနဲ့၊ မဖောက်ပြန်မှု စတာတွေကို လက်တွေ့ပြပြီး စေတနာမှန်နဲ့ လုပ်ပြတာက ပိုပြီးထိရောက်နိုင်တယ်ခင်ဗျ။ အဲလိုသာ လုပ်ခဲ့ကြရင် စစ်သားတွေလဲ လူပဲ၊ သူတို့လဲ ဗုဒ္ဓဘာသာပဲ၊ အချင်းချင်း နားလည်မှု မထူထောင်နိုင်စရာ မရှိဘူး၊ ယုံကြည်မှုရှိရင် လေးစားမှုလဲ ရှိလာမယ်ခင်ဗျ၊ အဲလို ယုံကြည်လေးစားမှု ရှိလာရင် နောက်ဆုံးမှာ စစ်သားတွေက နိုင်ငံရေးက သူ့အလိုလို ထွက်သွားကြလိမ့်မယ်။ နိုင်ငံတကာ ယဉ်ကျေးမှုကလဲ စစ်တပ်က နိုင်ငံရေးထဲပါနေတာ လက်မခံဘူးဆိုတာ သူတို့လဲ သိတယ်ခင်ဗျ။

ကျနော်က စစ်အစိုးရရဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို လက်ခံတယ်ခင်ဗျ။ အကြောင်းကတော့ လက်မခံလို့ မရလို့၊ တခြား ရွေးစရာ မရှိလို့ခင်ဗျ (နောက်တကြိမ်ရေးဖြစ်မှ ဘာတော့ဖြင့် လက်ခံတယ်၊ ဘာတော့ဖြင့် ပြင်သင့်တယ် ဆိုတာ ပြောဦးမယ်)။ အဲ၊ ရွေးကောက်ပွဲကိုလဲ ထောက်ခံတယ်ခင်ဗျ။ နောက်ပြီး လူမုန်းခံပြီး (မပြည့်တဲ့သူတွေက မုန်းတာကို ပြောတာပါ) ဘာလို့ပြောရသလဲဆိုတော့၊ မြန်မာရှေးဆိုရိုးမှာလဲ၊ “ဆိုရေးရှိက ဆိုအပ်လှ၏၊ ဆိုစများလျား ထားပချေမိ၊ ငါ့ဝန်ရှိ၏” ဆိုတာ ရှိသလို၊ အမေရိကန်သမိုင်းမှာလဲ ဒန်နီယယ် ၀က်ဘ်စတာက ၁၉ ၅၀ ခုနှစ်ဆန်းမှာ ကွန်ဂရက်မှာ “လိုအပ်မှုက ခင်ဗျားတို့ နားဝင်ပီယံဖြစ်မှာတွေထက် အမှန်အတိုင်း မပြောမဖြစ် ပြောခိုင်းတာဖြစ်တယ်။ တကယ်တော့ ကျနော် ခင်ဗျားတို့သဘောကျမဲ့ဟာကို ပြောချင်ပါတယ်။ ဒါပေမဲ့ ကျနော့်ကို ခင်ဗျားတို့ ဘယ်လိုပဲထင်ထင် ခင်ဗျားတို့ကို ကျနော် ကယ်တင်ဖို့ကိုပဲ ရွေးချယ်လိုက်ရပါတယ်” လို့ ပြောခဲ့သလို ကျနော်လဲ အများအတွက် ပြောပါတယ်။

ဘာပဲဖြစ်ဖြစ် အပြောင်းအလဲ တစ်ခုကို အများပြည်သူ လိုချင်နေတယ်၊ ကုန်ဆုံးခဲ့တဲ့ ၂၂ နှစ်တာမှာ ပြည်သူအတွက် ပြောင်းလဲမှုတိုင်းက အဆိုးတွေပဲ သယ်ဆောင်လာတယ်ခင်ဗျ။ အတိုက်အခံတွေထဲက ဂေါင် (ခေါင်) ဆိုတဲ့ ဒီချုပ်လဲ ဘာမှ လုပ်ရည်ကိုင်ရည် မရှိဘူးခင်ဗျ။ (လူထုဦးစိန်ဝင်းကတော့ ဒီချုပ်ကို ရေဒီယို အင်တာဗျူးတစ်ခုမှာ ဆွံ့အနားမကြားကျောင်းနဲ့ နှိုင်းထားတယ်ခင်ဗျ)။ စစ်အစိုးရရဲ့ ဖိနှိပ်မှုကလဲ ရက်စက်တယ်လေဗျာ။ ဒီတော့ တရားဝင် ဗိုလ်ရွေးခံနိုင်ခွင့် ရခိုက်မှာ ၀င်ပေါက်ကလေးက ကျဉ်းချင်ကျဉ်းပစေ၊ ကစားကွင်းထဲမှာ ကိုယ်ပါအောင် လုပ်မှ ကစားသမားဖြစ်မယ်ပေါ့ဗျာ။ ဒါ့ကြောင့် ရွေးကောက်ပွဲဝင်တဲ့ ပါတီတိုင်းကို မောင်ညွန့် ပစ်ထောက်ခံတာပါပဲ။

အဲ၊ ဒီနေ့ စက်တင်္ဘာ ၁၉ ရက်နေ့မှာ မိတ်ဆွေကြီး ကိုဝင်းတင့်ထွန်းနဲ့ နက်ပေါ်မှာ စကားတ၀ကြီး ပြောလိုက်ရတယ်ခင်ဗျ။ သူက ဘာပြောသလဲဆိုတော့ “ကျနော်တို့ ခင်ဗျားတို့ အသက်အရွယ်၊ ဖြတ်သန်းလာတဲ့ နောက်ခံသမိုင်းနဲ့ ရည်ရွယ်ချက်တွေ ခိုင်မာပြီးသား၊ မပြောင်းနိုင်တဲ့ ရည်ရွယ်ချက်တွေဖြစ်တယ် ဆိုတာ ကျနော်ယုံတယ်” ဆိုတဲ့ ပညာစကား၊ ဖြတ်သန်းလာတဲ့ ဘ၀အတွေ့အကြုံနဲ့ ရင့်ကျက်မှုတွေ ပါလာတယ်။ သူနဲ့ကျနော် သဘောတူတာကတော့ ကျနော်တို့ ကိုယ်စီမှာ ဒီမိုကရေစီအခွင့်အရေး ရှိတယ်၊ သူပြောသလိုပဲ၊ ရောမရောက်အောင် ကိုယ်သန်ရာ ကိုယ်ယုံကြည်ရာ လမ်းကနေ သွားခွင့်ရှိတယ်ဆိုတာပဲ ခင်ဗျ။

တဆက်ထည်း ကျနော်က ချီလီ၊ ဘရာဇီးလ်နဲ့ တောင်ကိုးရီးယားတို့ ဘယ်ပုံ စနစ်ပြောင်းခဲ့တယ်ဆိုတာကို ပြောပြပြီး၊ ထပ်တူမဖြစ်နိုင်ပေမဲ့ ကျနော်တို့လဲ ဒီလိုပဲ ပြောင်းရမယ်လို့ ကျနော် ယုံကြောင်း ပြောပြခဲ့တယ်။ ကိုယ်ယုံကြည်တဲ့လမ်းစဉ် မှန်ကန်ကြောင်း၊ သို့မဟုတ် မှန်နိုင်ဖွယ် ရှိကြောင်းကို အထောက်အထားနဲ့ တင်ပြနိုင်ကြသလို တခြားလမ်းကို လိုက်နေသူများ၊ တနည်းအားဖြင့် ကိုယ့်အမြင်မှာ လွဲချော်နေတယ်လို့ ထင်သူတွေရဲ့ လမ်းစဉ်ကိုလဲ အချက်အလက်နဲ့ ဝေဖန်ပိုင်းခြားခွင့် ရှိပေတယ်ခင်ဗျ။ ဒါ ဘယ်သူ့ဘယ်သူကိုမှ ကျည်ဆံထွက်တဲ့ သေနတ်နဲ့ ပစ်နေတာ မဟုတ်ဘူးခင်ဗျ။

ကျနော်တို့ရဲ့ အဆုံးစွန်ရည်ရွယ်ချက်က စစ်တပ်ကို နိုင်ငံရေးထဲက ဆွဲထုတ်ဖို့ပဲဖြစ်တယ်။ သူတို့ အတော်များများက အပြုတ်တိုက်ပြီးသော်လည်းကောင်း၊ စစ်အစိုးရကို ထိရောက်တဲ့ဖိအား ပေးပြီး အပေါ်စီးနဲ့ သော်လည်းကောင်း၊ ဆောင့်ကန်ပြီးသော်လည်း ပြောင်းပစ်ချင်ကြတယ်။ ဒါဟာ လတ်တလော ၂၂ နှစ်၊ နောက်ကြောင်းပြန်ကောက်ရင် နှစ်ပေါင်း ၅၀၊ သမိုင်းအရ လက်တွေ့မကျတဲ့အပြင် ဆိုးကျိုးသံသရာလည်တဲ့အဖြစ်ကို ရောက်ဖို့ပဲရှိတယ်။ “ငါတို့ကို ဘာမှတ်သလဲ၊ မင်းတို့ ကျားသနားမှ နွားချမ်းသာမယ် ဆိုတဲ့ စကား နားလည်ရဲ့လား” လို့ ခြိမ်းခြောက်နေသလိုပဲ ခင်ဗျ။ တကယ်လက်တွေ့ဘ၀မှာ ကိုယ်က ကျားမဟုတ်တာတော့ သေချာတယ်ခင်ဗျ။

ကျနော့်နည်းက အခု အတူတူလုပ်၊ ကိုယ်က သန့်သန့်ရှင်းရှင်းနဲ့ အနစ်နာခံပြီး (ခြမစား၊ လာဘ်မယူပဲ) တိုင်းပြည်အတွက် လုပ်ပြ၊ အတူတူ ယိုင်းပင်းလုပ်ဆောင်ရင်း ရင်းနှီးမှုယူ၊ ယုံကြည်မှုကို တည်ဆောက်၊ စစ်တပ်ကို တွန်းမထုတ်နဲ့၊ သူ့ဖာသာ ၀င်လာသလို သူ့ဖာသာ ထွက်သွားအောင် ကူညီဖို့ပဲဖြစ်တယ်ခင်ဗျ။ သူတို့လဲ လူတွေပဲ၊ ပြည်တွင်းပြည်ပ မေးငေါ့တာ ဘယ်သူခံချင်မှာလဲ၊ အမြဲသဖြင့် ငပွကြီး ဗီလိန်ကြီးလို့ ဘယ်သူ အခေါ်ခံချင်မှာလဲ။ သူတို့ စိတ်မချတာတွေ စိတ်ချရပြီဆိုရင် သူတို့က ၀မ်းသာအားရ လွှဲပေးသွားမယ်လို့ ကျနော်ယုံတယ်ခင်ဗျ။

ဒါ့ကြောင့် ယုံကြည်မှုတည်ဆောက်နည်းနဲ့ ပတ်သက်လို့ ပြောစရာရှိလာတယ်။ အများက ပြောကြတယ်၊ အပြန်အလှန် ယုံကြည်မှု၊ လေးစားမှု ရှိရမယ်တဲ့။ ကနဦးကတည်းက အပြန်အလှန် ယုံကြည်ဖို့ဆိုတာ အနှစ် ၂၀ ကျော် တောက်လျောက် အပုတ်ချလာတဲ့ ရန်ဖက်ခြင်း အသာထား၊ သာမန် အရပ်သားအခြင်းခြင်းတောင် မလွယ်ဘူးခင်ဗျ။ တကယ့်ယုတ္တိက ယုံကြည်ချက်တည်ဆောက်တဲ့ အစဦးပိုင်းမှာ တဖက်သတ် ယုံကြည်မှုထားပြီး တည်ဆောက်ရတာ၊ ဟိုတစ်ဖက်က ယုံလာတဲ့အထိ ဖြည်းဖြည်းခြင်း တည်ဆောက်ယူရတာဖြစ်တယ်။ အဲဒါနဲ့ ပတ်သက်လို့ တောက်ဝါဒရဲ့ သူတော်စင်ကြီး လောက်ဇူက တောက်ကျမ်း စာ (၄၉) မှာ ဟောလို မြွက်ကြားထားတယ်ခင်ဗျ၊

“ကောင်းတဲ့ သူတွေအပေါ် ငါ ကောင်းမယ်၊ မကောင်းတဲ့သူတွေ အပေါ်မှာလည်း ငါကောင်းမယ်၊ ကောင်းခြင်းဟာ မင်္ဂလာမည်လို့။
သစ္စာရှိသူတွေ အပေါ်မှာ ငါ သစ္စာရှိမယ်၊ သစ္စာမရှိတဲ့သူတွေ အပေါ်မှာလည်းပဲ ငါသစ္စာရှိမယ်၊ ဘာလို့လဲဆိုတော့၊ သစ္စာရှိတာဟာ မင်္ဂလာမည်လို့။
စာ (၁၇) နဲ့ (၂၃) မှာတော့၊ “သူတစ်ပါးအပေါ် နှစ်နှစ်ကာကာ ယုံကြည်မှုမထားသူအပေါ် တစ်ဖက်ကလည်း ယုံကြည်မှုထားမှာ မဟုတ်” တဲ့ဗျား။

အပြစ်တင်ချင်တဲ့ ဆန္ဒစောနေသူတွေကတော့ ဒီစစ်ခေါင်းဆောင်တွေက ဘယ်လောက်ဆိုးတာ၊ ယုတ်တာ စသဖြင့် ဆင်ခြေအမျိုးမျိုးပေးပြီး၊ အပြုတ်ချရမယ် ဘာညာ ပြောပါလိမ့်မယ်။ ခင်ဗျား ဘယ်တော့ ချမှာလဲလို့မေးကြည့်ပါလား၊ မြက်လျှော ဖြစ်သွားတာ အားလုံး မြင်ကြရပါလိမ့်မယ်။ ကြီးကြီးကျယ်ကျယ် ပြောနေသူတွေဟာ လက်ဖက်ရည်ပန်းကန်လုံးထဲက မုန်တိုင်းလေးတွေချည်းပဲခင်ဗျ။ ကိုယ့်စီးပွားအတွက် နေ့မအား ညမအားလောက် အလုပ်လုပ်တယ်၊ ဒါမှမဟုတ်၊ လူရည်လည်တဲ့သူတွေဆိုရင် အမေရိကန်အစိုးရအပါအ၀င် အဖွဲ့အစည်းကြီးတွေကနေ ထောက်ပံ့ငွေရအောင်လုပ်ပြီး တစ်လတစ်လ ဒေါ်လာထောင်ဂဏန်း လခယူပြီး တိုင်းပြည်လက်ညှိုးထိုး ဇိမ်ခံ နိုင်ငံရေးလုပ်စားသူများသာ ဖြစ်တယ်ခင်ဗျ။ နိုင်ငံရေးကို ထဲထဲဝင်ဝင်လဲ မလေ့လာသလို အများစုက ဘာမှကို မလေ့လာပဲ ပေါ်ပင် အီးမေးလ် ဂရုမေးလ် ဆောင်းပါးတွေလောက် ဖတ်၊ မြန်မာဂျာနယ်တချို့က ဆောင်းပါး တစ်ပုဒ် နှစ်ပုဒ်လောက် ဖတ်ပြီး နိုင်ငံရေးကို ပါးစပ်နဲ့လုပ်တယ်ခင်ဗျ။

ကျနော် သုတေသနလုပ်ဖို့ရောက်ခဲ့တဲ့ အမေရိကန်မှာက ပညာဆက်ရှာနေတဲ့ လူလတ်ပိုင်းတွေ တွေ့ခဲ့ရတယ်။ တချို့က ဟားဗတ်၊ တချို့က ကော်နဲလ်၊ ယေးလ်၊ ယူစီအယ်လ်အေ၊ ပယ်ရီမေဆင် စသဖြင့် အထင်ကရ တက္ကသိုလ်တွေမှာ ပညာသင်နေကြတယ်၊ သူတို့အများစုရဲ့ နာမည်တွေကို အင်တာနက်မှာ လဖက်ရည်ပန်းကန်လုံးထဲက မုန်တိုင်းထဲမှာ မတွေ့ဖူးဘူးခင်ဗျ။ သူတို့နဲ့တွေ့ပြီး အင်တာဗျူးလုပ်တဲ့အခါ သူတို့တတွေဟာ ဒီမိုကရေစီရဲ့ အခြေခံဖြစ်တဲ့ သဘောကွဲလွဲခွင့်ကို လက်ခံကြတဲ့အပြင်၊ အမြင်ကျယ်ကြတယ်။ ကိုယ့်ကိုယ်ကို နှိမ့်ချဆက်ဆံကြတယ်။ ဒီမိုကရေစီ တဖွဖွတောင်းပြီး ဆဲလား ဆိုလား၊ တိုင်းလား ထွာလား မလုပ်ကြဘူး။ မိဖ ဆရာသမားတို့ရဲ့ ဂုဏ်ကို ထိန်းကြတယ်ခင်ဗျ။

ဒီချုပ်က ဒီမိုကရေစီရေးလုပ်ကြတဲ့ အဖွဲ့တိုင်းလောက်ကို မဝေဖန်ပေမဲ့ ကိုယ့်အထဲက ပဲ့ထွက်သွားသူတွေထောင်တဲ့အဖွဲ့ကိုတော့ သဲကြီးမဲကြီးကို ဆော်နေတော့တာပဲ ခင်ဗျ။ ဒီချုပ်ကဆော်တော့ ပြည်ပလွှင့် မြန်မာဘာသာရေဒီယိုတွေနဲ့ ပြည်ပက အမာခံလုပ်နေတဲ့သူတွေကလဲ စည်းဝါးကိုက်ပြီး ဆော်နေကြတယ်ခင်ဗျ။ ကဲ အဲဒီအဖွဲ့ကို ပြည်သူတွေက လုံးလုံးကို မထောက်ခံဘူးတဲ့လား။ ထောက်ခံတဲ့လူတွေ ပြည်တွင်းမှာ ရှိသလို ပြည်ပမှာလဲ အနည်းအကျဉ်းဖြစ်စေ ရှိနိုင်တယ်ဆိုတာ ငြင်းမလား။ အပြတ်မငြင်းနိုင်ရင် အဲဒီအဖွဲ့ကို တိုက်ခိုက်တာဟာ အနည်းဆုံး ပြည်သူလူထု တစိပ်တပိုင်းကို တိုက်ခိုက်တာနဲ့ အတူတူပဲ ဆိုတာကော သတိထားမိကြရဲ့လားခင်ဗျ။ နောက်ပြီး ခင်ဗျားတို့ တဖွဖွအော်နေတဲ့ ဒီမိုကရေစီရဲ့ အနှစ်သာရ နှစ်ခုဖြစ်တဲ့ “သဘောမတူတာကို ကျွန်တော်တို့ သဘောတူတယ်” ဆိုတာတို့၊ “အနည်းစုရဲ့ဆန္ဒကိုလည်း လေးစားရမည်”ဆိုတာတို့ဟာ ပါးစပ်သက်သက်ပဲလား ခင်ဗျ။

ရွေးကောက်ပွဲဝင်လို့ ချက်ခြင်း တိုင်းပြည်ကို ကယ်နိုင်မလားဆိုတော့ မကယ်နိုင်ဘူးခင်ဗျ။ တရုပ်ရဟန်းတော်တပါးက “အနှစ်နှစ် အလလက စွဲကပ်လာတဲ့ ရောဂါကို အုံဖွဆိုပြီး ချက်ခြင်းပျောက်အောင် ကုလို့မရဘူး၊ အချိန်ယူရတယ်” လို့ ပြောဖူးတာ သွားသတိရမိတယ်ခင်ဗျ။ ဒါတောင် မတည့်တာ မရှောင်ရင် ရောဂါပြန်တိုး၊ ပြန်ဖောက်နိုင်သလိုပဲ ဒီမိုကရေစီနဲ့ဝေးပြီး စစ်တပ်နောက်ခံ အရပ်သားအာဏာရှင် စနစ်ဆီ လျှောကျ သွားနိုင်တယ်ခင်ဗျ။ ဒါပေမဲ့ မလုပ်ရင် ဘာမှ မဖြစ်ဘူး။ လောက်ဇူပြောတဲ့ “မိုင်တစ်ထောင်ခရီးရဲ့ အစဟာ ပထမဦးဆုံး ခြေတစ်လှမ်းဖြစ်တယ်” ဆိုတဲ့အတိုင်း၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီနဲ့ အခြားသော ဒီမိုကရေစီကို အခြေခံတဲ့ပါတီများရဲ့ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှုကို ပထမခြေတစ်လှမ်းအဖြစ် ကြိုဆိုထောက်ခံရင်း ပြည်သူလူထုအနေနဲ့ ဒီမိုကရေစီတာဝန်တစ်ရပ် အနေနဲ့ မဲရုံတွေဆီကို အားတက်သရော သွားရောက် မဲပေးကြဖို့ တိုက်တွန်းလိုက်ရကြောင်းပါခင်ဗျား။

မောင်ညွန့် (မင်းကျောင်းတိုက်)